မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ
ပန်းစံပယ်
နန်းလယ် မပေါ်ခိုက်ဟာမို့
အလိုက် တော်တန်သင့်ရုံပါ့
ခံပွင့်ကို ကုံး။
နန်းရဝေ
မန်းမြေမှာ စံပယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့တယ်
တောလေ့ ရွာသုံး။
ခက်ဆစ်အဖွင့်
ရဝေ= နန်းတော်အိမ်တော်တို့၏အဆောင်။ မြင့်မြတ်သော တိုက်ခန်းနေရာ။
ယာယီ= အတည်အမြဲ မဟုတ်ဘဲ အခိုက်အတန့်ကာလ။
ttt
Monday, February 20, 2012
စံပယ်ပန်း (ဒွေးချိုး) - ဦးပုည
တို့ရွာအလိုက် (လွမ်းချင်း) - ဦးဆောင်း
မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ
မိုးမသောက်ခင်က
ခလောက်ကယ် ဂျောင်ဂျင်
လုပ်ငန်းငယ်ပြင်သည်
ချောင်းရေယဉ် သွင်သွင်စီးပါလို့
ကောက်ကြီး စပါးနှံက
သန်လှတယ်လေး။
သို့အရာမူ
တို့ရွာပလိုက်၊ ချွေးပြိုက်ပြိုက်ကယ်နှင့်
ကောက်စိုက်မူဟန်၊ သူ့အပြန်ကို
ထမင်းခံမြေလုပ်၊ အင်စောင်တုတ်နှင့်
ဆူးပုပ်ကယ်ရွက်ညို
ဆီမခတ်သော်လည်း တလတ်ကယ်ချိုလှတယ်
မင်းပျိုတို့ ခုချိန်ခါကို
စားစရာဝါမပြောပါဘု
ပေါလှတယ်လေး။
ခက်ဆစ်အဖွင့်
ဂျောင်ဂျင်= ခလောက်မြည်သံ။
ကောက်ကြီး= စိုက်သည့်ရက်မှ ရက်ပေါင်း ၁၇၀-၂၀၀ အတွင်းမှည့်သော သက်ကြီးစပါးတစ်မျိုး။
ထမင်းခံ= ထမင်းထည့်စရာခွက်။
အင်စောင်တုတ်= ဟင်းရံထည့်သော အနားထူထဲသည့် မြေအင်တုံ။
မြင်ဖူးမှ ယုံစဖွယ် (လေးချိုး) - ဦးကြင်ဥ
မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ
ကြုံစဖူး
မြင်ဖူးမှ ယုံစဖွယ်။
ဖြူနီဝါ ပြာတစ်စုနှင့်
ခရုထွေလာဆန်း
ကမ်းကွေ့ပတ်လည်။
ရွှေမင်တံ သံပခြုပ်နှင့်
ဟန်ရုပ်ပြ သွယ်သွယ်
နတ္မယ္လ် ဆံထိုး။
ဝင်ကစွပ်
မြင်ဆွတ်က ကြည့်ဖို့ရာ
သည်သို့လာ ဟိုသို့သွားနှင့်
အငှား ခန္ဓာ မြှောင်ရတယ်
ဆန်းခေါင်ထိမျိုး။
ခက်ဆစ်အဖွင့်
ကြုံစဖူး= မကြုံစဖူး။
ရွှေမင်တံ= မင်တံသဏ္ဍာန်ရှိ ခရု။
သံပခြုပ်= ပခြုပ်သဏ္ဍာန်ရှိ ခရု။
နတ်မယ်လျဆံထိုး= နတ်သမီးဆံထိုးအမည်ရှိ ခရု။
ဝင်ကစွပ်= ပင်လယ်ကမ်းစပ်ရှိ ခရုခွံများတွင် ခိုဝင်ကြီးပွား သွားလာနေတတ်သော ကဏန်းငယ်တမျိုး။
မြင်ဆွတ်= မြင်လျှင် ဆွတ်ပျံကြည်နူးဖွယ်။
မောင်စစ်သည် (အိုင်ချင်း) - အမည်မသိရှေးစာဆို
မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ
ချစ်တဲ့သူငယ်လေ…
သူငယ်ချင်းကောင်း၊ ယောင်းမတို့လေ…။
တညှိုးငယ်မှ ရော်ရော်
နှမလေး ဝေးကမျှော်သည်
ငယ်ဖော်ပေါင်းငဲ့၊ လည်ညောင်းငဲ့။
တညှိုးငယ်မှ ခွေခွေ
အလွမ်းရှိန်နှင့်၊ မယ်အိမ်နေသည်
ညောင်ရေလောင်းငဲ့၊ ဆုတောင်းငဲ့။
ရောက်လွယ်စေချင်
ကိုယ်တိုင်သွားလို့၊ ဘုရားတင်သည်
သဇင်ပန်းနှင့်၊ ရေချမ်းနှင့်။
နံနက်တိုင်လည်း၊ နံနက်တခြား
မောင်စစ်သည်ငယ်၊ ရောက်မယ်လားရှင့်။
ညနေတိုင်းလည်း၊ ညနေတစောင်း
မောင်စစ်သည်ငယ်၊ ရောက်လွယ်ကောင်းငဲ့။
တပေါင်းငယ်မှ တဖော်
အောင်ပွဲခံလို့၊ ပြန်ချိန်တော်ကို
မယ်မျှော်လိုက်ကဲ့
ဗိုလ်ပေါင်းငယ်မှ ၀န်းရုံ၊ ရဲမက်ပုံမှာ
စိတ်ကုန်အောင်မယ်ချစ်တဲ့၊ မယ်စစ်သည်လေး။
ခက်ဆစ်အဖွင့်
ယောက်မ= ယောင်းမဟု အသံထွက်ပါ။ မိန်းကလေး အချင်းချင်း ရင်းနှီးချစ်ခင်သဖြင့် ခေါ်ဝေါ်သော အာလုပ်စကား။
ငဲ့= ရဲ့။
ဗိုလ်ပေါင်း= လူအများ၊ လူအပေါင်း။
ဝန်းရုံ= သိုက်သိုက်ဝန်းဝန်း၊ တစုတဝေး။
စိတ်ကုန်= အစွမ်းကုန်။
လောကသာရ (ပျို့) - ရခိုင်သူမြတ်
မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ
၁။ အသက်ရှည်စွာ၊ အနာမဲ့ကြောင်း
ကောင်းလှစေချင်
ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား
မိဘဆရာ၊ စကားနာ၍
ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့။
ပေါ်လွင်မပြု၊ ကောင်းရာတုလျက်
ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စေမင်း။
၂။ မိခင်ဖခင်၊ ကျေးဇူးရှင်ကို
ချစ်ခင်မြတ်နိုး
ဂူပုထိုးသို့၊ ရှိခိုးဦးတင်
ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍
လုပ်ကျွေးခယ၊ ရိုတုတ်ကွလျက်
ကြီးထသက်အို၊ မျိုးဆွေကိုလည်း
ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုတ်သိမ်း၍
မယိမ်းစင်းလျင်း ငြိမ်းစေမင်း။
၃။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌
ပညာရှာမှီး၊ မကြီးသက်ရွယ်
အငယ်သော်က၊ ကြိုးလုံလလျက်
တုပ်ကွပုဆစ်၊ ဆရာစစ်၌
ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်
စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်
ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌
သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး
မှတ်သားလေလေ၊ ၀မ်းထဲခွေ၍
အထွေအထူး၊ ဂုဏ်ကျေးဇူးကို
ဆည်းပူးသိမြင် ကြွယ်စေမင်း။
ရခိုင်သူမြတ်
ခက်ဆစ်အဖွင့်
ပဲ့ပြင်= ဆုံးမသည်။ သွန်သင်သည်။ ဖြောင့်မှန်ကောင်းမွန်အောင်လုပ်သည်။
နိစ္စ= အမြဲ။
ကွပ်= ဆုံးမပဲ့ပြင်သည်။ လိမ္မာအောင်လုပ်သည်။
ပေါ်လွင်= ပေါ့ဆသည်။ ဘာကိုမျှ ဂရုမစိုက်။
ကြိုး= ကြိုးစားသည်။
ဂူ= လိုဏ်ခေါင်းခံ၍ အုတ်အင်္ဂတေတို့ဖြင့် တည်ဆောက်အပ်သော ဘုရား။
ပုထိုး= ဓာတ်တော်မွေတော် စသည်တို့ကို ဌာပနာ၍ အုတ်ကျောက်စသည်ဖြင့် တည်ထားသော မုခ်ပေါက် သို့မဟုတ် မုခ်ယောင်ပါရှိသော စေတီ။
သိမ်းမြန်း= ထိန်းသိမ်းစောင့်ရှောက်သည်။
တုပ်ကွ= ရိုသေလေးစားသည်။ ညွှတ်တွားခယသည်။
ပိုက်ထုပ်= ထိန်းသိမ်းသည်။
စင်းလျင်း= အမြဲ၊ မပြတ်မလပ်။
ထုံးတီး= ရှေးထုံးဟောင်း။
ချောင်းချောင်း= အမြဲမပြတ် အရိပ်အခြေကြည့်၍။
ခြိမ်းမောင်း= ဆူပူကြိမ်းမောင်းသည်။
ဝမ်းထဲခွေ= ၀မ်းထဲ၌ မှတ်သားနှလုံးသွင်းသည်။
ရှင်မဟာရဋ္ဌသာရ ဆုံးမစာများ
မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ
၁။ ဟုတ်သောအကြံ၊ မှန်သောအကျင့်
သင့်သော အယူ၊ ဖြူသောနှလုံး
သူတော်ထုံးကို
စွဲသုံးသောထွေ၊ မှန်လှစေ။
၂။ ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်
လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ
ပညာရှိအား၊ ကိုယ်တိုင်သွား၍
စကားလိုက်လျော၊ စစပြော၍
နှီးနှောလေ။
၃။ ငါ၏စိတ်တွင်
ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း
ဟုတ်တည်းဧကန်၊ အာမသန်နှင့်
မှန်သည်တစေ၊ မရှိချေ။
၎။ မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။
၅။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်
သိမြင်ကင်းကွာ၊ မလိမ္မာလည်း
စာပေစကား၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။
၆။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို
မယ်ဘွားမိခင်၊ ဆုံးမသင်သို့
အကြင်ဆရာ၊ တို့သူငါကို
လိမ္မာစေကြောင်း၊ ကောင်းပါစေလို
ဆိုပါသမျှ၊ သြ၀ါဒကို
နားမျှမထောင်၊ မကြားယောင်သို့
မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်
နောင်သံသရာ၊ ဆက်များစွာ၌
ချမ်းသာမည့်အရေး၊ အလွန်ဝေးသည်
သေဘေးမလွဲ၊ ၀ဋ်ဆင်းရဲမှ
ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို
လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။
ခက်ဆစ်အဖွင့်
၁။ ထုံး = လိုက်နာစံပြုစရာနည်းလမ်း၊ အစဉ်အလာ
၂။ လျင်လျား= အလျင်အမြန်
၃။ နှီးနှော= ဆွေးနွေးသည်။ တိုင်ပင်သည်။
၎။ လိပ်ခဲတည်းလည်း= စွဲမိစွဲရာကို မလွှတ်ဘဲ မြဲစွာတွယ်တာသောအားဖြင့်။
၅။ ဟုတ်တည်း= ဟုတ်သည်၊ မှန်သည်။
၆။ ဧကန်= အမှန်။
၇။ တစေ= အမြဲ။
၈။ သြ၀ါဒ= ဆုံးမစကား။
၉။ ပစ္စုပ္ပန်=ယခု၊ မျက်မှောက်။
၁၀။ သံသရာ= အဖန်တလဲလဲမပြတ် ကျင်လည်ရာ ဘ၀အစဉ်။
၁၁။ ၀ဋ်= ပြုခဲ့မိသော မကောင်းမှုအကျိုးကို ခံစားရခြင်း။
၁၂။ ရွှေခဲ= ရွှေတုံး၊ ရွှေခဲကဲ့သို့ မြတ်နိုးဖွယ်သောသား။
------------------------------------------------------------------------------------
# လက်သစ်တောင်သာ၊ ယူဇနာပေါင်းတာပြန်လောင်းသော် ရှစ်သောင်းလေးထောင်၊ အမြင့်ဆောင်သည့် တောင်မြင့်မိုရ်ရှိ၊ ဂုဏ်ကြီးဘိသည့်၊ မွေးမိဖခင်၊ ကျေးဇူးရှင်နှင့်၊ ထို့ပြင်တခြား၊ ဘိုးနှင့်ဘွားကို၊ ဘုရားတစ်ဆူ၊ ဂူတစ်လုံးသွင်၊ စိတ်ထင်ကလျက်၊ ဦးတင်လက်ထား၊ အစားအ၀တ်၊ မလွတ်ရစေ၊ ရေပူရေအေး၊ လိုရာပေး၍၊ ကျွေးမွေးကြလေ။ တထွေမှတ်သား၊ အခါးအချို၊ သူတို့ဆိုလည်း၊ ဘိုးဘွားမိဘ၊ ဆရာစကား၊ ပြသဆိုထွေ၊ မျိုတတ်စေ။ (မိဘ၊ ဘိုးဘွား၊ ဆရာစကား ချိုချို ခါးခါးနာယူရသည်။)
# အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနှစ်သက်၊ ဖက်၍မဆို၊ ရိုသေလှစေ၊ ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊ မိဘကဲ့သို့မှတ်ပါလေ။
# ဆွေကြီးမျိုးကြီး၊ အဘကြီးနှင့်၊ ဦးရီးသားချင်း၊ ဘထွေးရင်းက၊ ဟူသမျှကို၊ ဂုဏ၀ုဎ၊ ပစာယန၊ စိတ်ကသိစေ၊ ပြစ်မှားမိက မသင့်ချေ။
# ပေါက်ဖော်သားချင်း၊ တစ်ဝမ်းတွင်းမှ အရင်းအနှစ်၊ ဖွေစိစစ်၍၊ အပြစ်စုပုံ၊ မခြားထုံသည်၊ အူတုံဖြစ်က ချစ်ကြလေ။
# သေတူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍၊ ရုန်းကြလေ။
# ရှေးကစွန့်ကြဲ၊ ကံရင်းနဲ၍၊ ဆင်းရဲခဲ့တုံ၊ ကိုယ်မလုံ၍၊ သူ့ဂုဏ်ပိုင်ပိုင်၊ မဆပ်နိုင်သော်၊ ကိုယ်တိုင်သူ့အိမ်၊ ရောက်ခိုက်ကြိမ်က၊ မထိမ်မမြူး၊ ဘ-ရာဖူးသို့၊ ကျေးဇူးရှိထွေ၊ သိတတ်စေ။
# တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ။
# မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ရအောင်၊ မာန်မာနကို ချုပ်ကြလေ။
# သေနှင့်အရက်၊ စီးပွားပျက်ကို၊ တစ်စက်ကယ်မှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ။
# ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ။
# နောင်သံသရာ၊ ရိက္ခာအတူ၊ ကံကျွေးဟူသည်၊ အလှူဆိုက၊ မဆုတ်ကြနှင့်၊ ရဲလှပါစေ၊ တံစက်အောက်တွင်၊ ခံသောက်အိုးတန်၊ ကျဖန်များက၊ ပြည့်ငြားသည်သာ၊ ထုံးဟောင်းစာကို ထောက်ပါလေ။
# သူ၏စီးပွား၊ ငါ့စီးပွားကို၊ ထောက်ထားမိစေ၊ ကြီးလောဘကို မျှတစေ။
# သူ၏ဥစ္စာ၊ သူ့ဘဏ္ဍာကို၊ မေတ္တာမရှေး၊ သူမပေးက၊ ဆေးတစ်အိုးမျှ၊ မယူကြနှင့်၊ ရှောင်ကြပါလေ။
# သူတော်ကောင်းနှင့်၊ ပေါင်းဖက်ယှဉ်တွဲ၊ သူမိုက်မဲကို၊ ရှောင်လွဲပါလေ။ ဤသူအမြတ်၊ ဤသူလတ်ဟု၊ ညစ်ပတ် ကြမ်းကြုတ်၊ ဤသူယုတ်ဟု၊ အဟုတ်အမှန်၊ မသွေလှန်သည်၊ ဧကန်ဆတ်ဆတ်၊ လူသုံးရပ်ကို၊ သိတတ်စေ။
# ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေ။
# မှတ်ဖွယ်ရာရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။
# ဖတ်ပြန်သော်ကား၊ ဖတ်ပြန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည်း။
# အသုံးအဆောင်၊ အိမ်ထောင်ခမ်းနား၊ အပါးပါးကို ပြန့်ပွားလေအောင်၊ ကြောင်ပုစွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ ယောက်ျားပီထွေ၊ ၀ီရိယနှင့်၊ လုံ့လကိုလည်း ရှိလှစေ။