ttt

Monday, February 20, 2012

ပညာသည် (ခေတ်စမ်းလင်္ကာ) - မိုးစည်

မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ

တိမ်မှောင်ချည်း၍
မလင်းရောင်ဝါ မှိုင်းအုပ်ကာလျှင်
ဘယ်ညာမလပ်၊ လောကဓာတ်သို့
တိုက်ခတ်တုန်ဟီ၊ လေပြင်းချီသော်
တွဲလီတွဲလောင်း၊ စာဘူးတောင်းလည်း
မညောင်းမကြောက်၊ သိုက်အုံဆောက်သည်
အံ့လောက် ပညာသည်တကား။

ခက်ဆစ်အဖွင့်

ချည်း= အနားကပ်သည်။
စာဘူးတောင်း= သစ်ကိုင်းမှတစ်ဆင့် လေတွင်တွဲလျားကျနေသော အသိုက်ရှည်ရှည် ရက်လုပ်တတ်သည့် ထိပ်ဝါစာကလေးငှက်မျိုး။

အမေ (အချိုး) - ငွေတာရီ

မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ

မိုးယံမှာ ကြယ်တစ်ပွင့်
ပြုံးဝင့်လို့ စိန်သဖွယ်
ဝင်းလက်လှတယ်။
မိုးပေါ်ကကြယ်၊ မထယ်လားမောင်မေး။
‘သားတော်မောင်၊ သူ့မျက်လုံးနဲ့
ပြိုင်ဦး’ တဲ့လေး။

လစန္ဒာ ငွေရည်မှုန်းလို့
အပြုံးနဲ့ သူကြိုဆို
နူးညွတ်ဖွယ်ကို။
လ၀န်းပျို၊ မချိုလားမောင်မေး။
‘သားမျက်နှာ ချိုချိုပြုံးနဲ့
ပြိုင်ဦး’ တဲ့လေး။

လရောင်နဲ့ ကြယ်ရောင်။
ငွေနှင်းရည် မြလွှာထက်က
ဝင်းလက်ပွုဆောင်။
နှင်းငွေဥရောင်၊ မပြောင်လားမောင်မေး။
‘သားလူညို သူငိုတုန်းကို
ပြိုင်ဦး’ တဲ့လေး။

ခက်ဆစ်အဖွင့်

ထယ်= ထည်ဝါသည်။
စန္ဒာ= လ။
ငွေရည်မှုန်း= ငွေရောင်ခြယ်သည်။

ပိုးစုန်းကြူး (သံပေါက်) - လယ်တီပဏ္ဍိတ ဦးမောင်ကြီး

မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ

တောင်ပံကွန့်မြူး၊ ပိုးစုန်းကြူး၊ အထူးအဆန်းပင်။
အရောင်တွဲ့တွဲ့၊ ထွန်းလင်းခဲ့၊ မီးရဲ့ ပမာသွင်။
ပျင်းရိလျက်သာ၊ အိပ်နေပါ၊ ရောင်ဝါ မပေဓလွင်။
ထိုနည်းတူစွာ၊ လူတို့မှာ၊ ပမာနှိုင်းဆင်ခြင်။
ကိုယ်နှင့်ဆိုင်ဘိ၊ အလုပ်ရှိ၊ လျှံငြိဂုဏ်ရောင်ထင်။
ကမ္ဘာတိုက်ဘောင်၊ အလုပ်ရောင်၊ ထွန်းပြောင်အမြဲပင်။
ပျင်းပျင်းရိရိ၊ အိပ်နေဘိ၊ မရှိအလုပ်ခွင်။
မှေးတေးမှိန်တိမ၊ သေးသိမ်သိမ်၊ အရှိန်ကင်းလိမ့်ပင်။
လူဖြစ်ပါခဲ့၊ အရှိန်မဲ့၊ တကယ်နွားအသွင်။
အပျင်းရောဂါ၊ စွဲကပ်လာ၊ မြန်စွာကုဖို့ပြင်။
မကုစားဘဲ၊ အပျင်းစွဲ၊ ငမွဲငနုံပင်။

နွားညီနောင် (လေးချိုး) - သတိုးပီယ

မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ

ညို့ကုန်းယံ ချောက်နံဘေးမှာလ
တို့ဘုန်းကံအလျောက် မွေးရော့ထင်
တစ်ခေါက်ပြေးမှဖြင့် မိုးထိုးမယောင်
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။

နှစ်ကိုယ်ချို့တာကြောင့်
ချိုဘို့တူ နွားပြာတုတ်တွေနဲ့
ပျိုတို့လူ ယာမလုပ်တယ်
အားထုတ်မယ့် မောင်မှာနော်ကွယ်
ဝါးခုတ်တဲ့တောင်။

ဟဲ့ဆိုကာ ကြိမ်တံမြှောက်မှဖြင့်
လှည့်လိုရာ တိမ်ယံရောက်နိုင်ငဲ့
အိမ်ခြံပေါက်ပါတဲ့ နွားညီနောင်
စားအီအောင်ဗျ ညနေစောင်း
အားစည်အောင်ပ ၀စေကျောင်း။

ဆောင်ခွင့်ကိုရွယ်
မောင်နှင့်မယ် တူယှဉ်တွဲပါလို့
နောင်တင့်တယ် လူမြင်ရဲခါမှ
ယူငင်ကာ ချူဆင်လို့ ဆွဲပါ့မယ်
ပွဲဝင်မယ့် ချောင်းသူရဲ့
လှည်းယဉ်နဲ့မောင်း။

ခက်ဆစ်အဖွင့်

ညို့ကုန်းယံ= ညို့မှိုင်းသော ကုန်းရိုး။
ချိုဘို့တူ= ဦးချိုလည်းတူ၊ ဘို့လည်းတူသော။
နွားပြာတုတ်= တုတ်ခိုင်သော နွားပြာ။
တိမ်ယံရောက်= တိမ်ဖျားရောက်။
လှည်းယဉ်= အမြန်မောင်းနှင်နိုင်ရန်နှင့် သက်သာစွာ စီးနင်းနိုင်ရန် ပြုပြင်တည်ဆောက်ထားသော ပေါ့ပါးသော လှည်း။

ကျွဲကျောင်းသံ (ရခိုင်တေး) - အမည်မသိရှေးစာဆို

မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ

ပက္ကလာယေ၊ ရိုင်-ရိုင်။
ကြိမ်သားတုတ်ကို၊ နနှောင်းကိုင်၊ ကယိုင်ကပါး
နှင်းမြိုင်မြိုင်ကေ၊ တောင်ကျိုင်ကြားမှာ
ကျွဲကျောင်းလားရေ။
အစ်ကိုမပါ၊ ညီမပါ
ကြိမ်သားတုတ်ကို၊ နနှောင်းကိုင်၊ ကယိုင်ကပါး
နှင်းမြိုင်မြိုင်ကေ၊ တောင်ကျိုင်ကြားမှာ
ကျွဲကျောင်းလားရေ။
ဟူး…ရေ…ရေ…ဟူး။

ထွေတောင်ဒေတောင်၊ ချောင်မြောင်တစ်လွှား
ပိုးပစိုင်းသံ၊ မဆူညံ
နှင်းသံဖြဖြောက်၊ ပပေါက်ဖောက်သို့ကြားရရေ။
ဂြောင်တောင်ကြောင်၊ နက်ပြောင်ခလောင်း
တောဘယံမှာ၊ သာငြိမ့်ညောင်းပျာ ကြားရရေ။
ဟူး…ရေ…ရေ…ဟူး။

ခက်ဆစ်အဖွင့်

ပက္ကလာ= ရခိုင်တွင် ယောက်ျားတို့ အဆောင်းများသော ကျောထိလုံအောင် ဆောင်းသည့် ခမောက်ရှည်။
ရိုင်ရိုင်= လှပတင့်တယ် ယဉ်ကျေးသည်။
နနှောင်း= မြဲမြံစွာ။
ကယိုင်ကပါး= ကယိမ်းကပါး။
တောင်ကျိုင်ကြား= တောင်ချိုင့်ကြား။
ကျွဲကျောင်းလားရေ= ကျွဲကျောင်းသွားသည်။
ဟူးရေရေဟူး= အော်ဟစ်သံ။
ထွေတောင်ဒေတောင်= ဟိုတောင်ဒီတောင်။
ပိုးပစိုင်း= ပုစဉ်းရင်ကွဲကောင်။
ညံသသွား= ဆူညံနေသည်။
လီသံ= လေတိုက်သံ။
ဖြဖြောက်= ဖြောက်ဖြောက်မြည်သောအသံ။
ပပေါက်= ပေါက်ပေါက်။
ခလောင်း= ခလောက်။
တောဘယံ= တောင်ကမ်းပါးယံ။
ပျာ= ပြီးလျှင်

မန်းတောင်ရိပ် (လေးချိုး) - အမည်မသိရှေးစာဆို

မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ

အသက်ကလေးရယ်တဲ့ ရှည်စေလို။
မြနန္ဒာ ရေညိုသမ်းတယ်
မန်းတောင်ရိပ်ခို။

ခေါင်းလောင်းသံ ချိုချိုနဲ့
ရွှေဗဟိုရ် စည်သံဟိန်း (တယ်)။
ဘေးရန်ကငြိမ်း။

ခက်ဆစ်အဖွင့်

မြနန္ဒာ= ရေကြည်လင်နေသော မဟာနန္ဒာကန်
မန်းတောင်= မန္တလေးတောင်။
ပဟိုရ်= မြန်မာမင်းများ လက်ထက်က အချိန်နာရီကို ဖော်ပြရန် တီးခတ်သောစည်။

နေ၀င်စ ချိုးမရယ်ကူ (ရုပ်သေးသီချင်း) - အမည်မသိရှေးစာဆို

မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ

နေ၀င်စ
ချိုးမရယ်ကူ
တောသူမညေး အဝေး။

စာကိုသာ စာကိုငတ်လို့
ကူရှာသလော ကူသလော။

ရေကိုသာ ရေကိုငတ်လို့
ကူရှာသလော ကူသလော။

နွားကျောင်းသားငယ်
ကျော့ကွင်းရယ်တယ်
ဘယ်…ဘယ်ကို…ဘယ်ကိုရယ်မိ
ခြေကိုမိလို့။
ဘယ်…ဘယ်ကို…ဘယ်ကိုရယ်နှက်
လည်ပင်းအထက်
ခေါင်းကိုနှက်လို့။
ဘယ်…ဘယ်ကို…ဘယ်ကို ရယ်ခွဲ
ရင်ကိုခွဲလို့။

ရှားမီးခဲတွင်၊ ရဲရဲငယ်ကင်
အကျွန်မမြင်ဝံ့ပါပြီကလား။
ရွှေချိုးဖိုရယ်လေ
မယ့်လင်သား။

ခက်ဆစ်အဖွင့်

ကူ= ချိုးငှက်တွန်မြည်သည်။
အဝေး= လွမ်းဆွတ်မြည်တမ်းသော အသံ။
ကျော့ကွင်း= သားရဲတိရစ္ဆာန်ကို ကျော့ဖမ်းရန် ကြိုးကွင်း။
ရှားမီးခဲ= ရှားသားကို မီးရှို့၍ရသော အလွန်ပူပြင်းသည့် မီးခဲ။